Friday, July 18, 2008

ဖတ်လိမ့်မယ်လို့ မမျှော်လင့်ပေမယ့်



ကလေးဆန်လွန်းပေမယ့်...
ရင်ထဲကဖြစ်တည်မှုတစ်ခုပါ...

ဆက်ဖတ်ရန်...

1 ရင်ခတ်သံများ:

မေတ္တာစက်ဝိုင်း

မထူးခြားလှပါဘူး...
အားလုံးအတူတူပါပဲ...
လူသား
လူသား
လူသား
လူသား........
တွေပါ...


ဆက်ဖတ်ရန်...

0 ရင်ခတ်သံများ:

Saturday, July 12, 2008

ကျွန်မရဲ့ ပူဒီနံ

နွေရာသီရောက်ပြီဆိုရင် ခြံထဲက ပန်းပင်လေးတွေ အမှတ်တယ ဓာတ်ပုံရိုက်ပြီး ဝေမျှနေကျပေမယ့် ဒီနှစ်နွေက ခြံထဲတောင် သိပ်မဆင်းဖြစ်လို့ အပင်တွေလဲ တချို့ ရေငတ်နေကြပြီ…။

ဒီအပင်ကိုကြည့်ပါ….။
အဲဒါ ကျမ အရိပ်တကြည့်ကြည့်နဲ့ ပြုစုပျိုးထောင်လို့ အလွန်ထွားကျိုင်းသန်မာနေသော၊ အရွက်ဖားဖားနဲ့ စိမ်းလန်း မွှေးပျံ့နေသော၊ ဂစ်နစ်စံချိန်တင်လောက်သော အမွှေးနံ့သာပင်……..


လို့ ... မထင်လိုက်ပါနဲ့…။



တစ်ခြံလုံးကို မွှေးပျံ့တဲ့ ရနံ့တွေ ပေးစွမ်းနိုင်တာမှန်ပါတယ်၊ ဘေးအိမ်က သီရိလင်္ကာနိုင်ငံနွယ်ဖွားတို့ မျက်စိကျနေလို့ ခဏခဏ ဖြတ်ဖြတ်ပေးရတာလဲမှန်ပါတယ်။ ကျမ သိပ်ကြိုက်လွန်းလို့ မနှစ်က ၀ယ်စိုက်ပြီး ရေလဲမလောင်း ဒီတိုင်းပစ်ထားလိုက်တာ၊ ဒီနှစ်ဆောင်းကုန် နွေအကူးမှာ ရုတ်တရက် အပင်က ထွားတက်လာလိုက်တာ အခုတော့ ရင်ဘတ်လောက် ရောက်နေပြီဖြစ်တဲ့ ကျမရဲ့ ပူဒီနံ အပင်ပါပဲရှင်..။



ခြံထဲဆင်းရင် တစ်ခြံလုံးမွှေးနေတာပါပဲ။ အပင်ထွားလွန်းတော့ အရိုးကတော့ ရင့်သွားပြီမို့ အရွက်ကိုပဲ ဟင်းအမျိုးမျိုးထဲ ကျွန်မထည့်စားတော့တာပါပဲ။ တစ်မျိုးလုံးတစ်ဆွေလုံးအပြင်၊ ဘေးအိမ်က သီရိလင်္ကာမောင်နှံပါ ပူဒီနံဖိုး သက်သာတယ်လို့ဆိုလို့ရပါတယ်။



ဒီအပင်ကတော့ Honey Suckel လို့ခေါ်တဲ့ မွှေးပျံ့တဲ့ ရနံ့ရှိတဲ့ ခြုံနွယ်ပင်တစ်မျိုးပါပဲ..
သူကတော့ အင်းကြင်းပွင့်ရနံ့ မျိုးရှိတယ်လို့ ဆိုကြပါတယ်..။။




ညနက်လာတော့ အဲဒီပန်းနွယ်ခြုံအောက်မှာ တစ်လှုပ်လှုပ်တစ်ရွရွဖြစ်နေတာနဲ့ ကျမ ကြည့်နေတာ ရုတ်တရက် ခြုံအောက်က မဲမဲအလုံးလေးတွေထွက်လာတယ်။
အသည်းကယား၊ လန့်လဲလန့်ပြီးကြည့်နေတာ …..



ခွေးတူဝက်တူကောင်လေးတွေဖြစ်နေတယ်….
ည လူခြေတိတ်တော့ ထွက်လာတာ.. တစ်ခါမှ မတွေ့ဖူးတာနဲ့ အမြန် ကင်မရာယူပြီး ရိုက်ယူထားလိုက်တယ်…


အဲဒီညက လေတွေက တိုက်နေတယ်….။ လေထဲမှာ ပန်းနံ့တွေနဲ့ ပူဒီနံ အနံ့တွေ သင်းနေတယ်..။
နွေညတွေကတော့ ဘယ်နေရာရောက်ရောက် လှပနေတတ်ပါတယ်..။

ဆက်ဖတ်ရန်...

2 ရင်ခတ်သံများ:

Wednesday, July 02, 2008

ဒီနေရာမှာ (၂)

ဒီနေရာမှာ…
အတ္တနဲ့ မောဟတွေ မရှိသလို…
ဒေါသနဲ့ ဒုက္ခတွေလဲမရှိဘူး..။
မာန်မာန နဲ့ ယှဉ်ပြိုင်လိုမှုတွေမရှိ သလို
အနိုင်ယူလိုမှု တွေ နဲ့ ငြင်းခုန်မှုတွေ မရှိဘူး။

ဒီနေရာမှာ…
အချစ် နဲ့. အမုန်း မရှိသလို…
သံယောဇဉ်နဲ့ တိမ်းမူးမှုတွေ မရှိဘူး…။
မနာလိုမှုတွေ နဲ့ ငြူစူမှုတွေလဲ မရှိ သလို…
ရင်ခုန်သံတွေနဲ့ ကြည်နှုးမှုတွေလဲ မရှိဘူး…။

ဒီနေရာမှာ..
ကလက်တက်တက် ရယ်မောသံတွေ မရှိသလို…
ရှိုက်ကြီးတငင် ငိုကြွေးနေသံတွေလဲ မရှိဘူး…။
အချစ်ကို တောင်းစားသူတွေနဲ့ ဒါးမြတိုက်စားသူတွေလဲ မရှိသလို
အချစ်ကို ဒူးထောက်ပေးနေသူတွေနဲ့ ...
ကြိမ်းမောင်းလို့ အတင်းထိုးထည့်နေသူတွေလဲ မရှိဘူး။
အချစ်အစစ် နဲ့ အချစ်တု မရှိသလို
အချစ် နဲ့ အမုန်းဆိုတာကို မရှိဘူး..။

ဒီနေရာမှာ…
ဝေါဟာရတွေ… ပြောင်မြောက်တဲ့ အသုံးအနှုန်းတွေ မရှိသလို
ဆွံအမှုတွေနဲ့ စကားလုံးမဲ့ မှုတွေ မရှိဘူး..။
ဒဲ့ဒိုးစကားတွေ နဲ့ စောင်းပါးရိပ်ခြည်စကားတွေ မရှိသလို..
န်ဆောင်မတွေ နဲ့ အမှန်တရားကို စာတတန်ပေဖွဲ့ ရေးဖွဲ့မှုတွေ မရှိဘူး..။

ဒီနေရာမှာ…
အချစ်အနမ်းတွေ နဲ့ ကာမ ညတွေမရှိသလို..
အငြိုးအမုန်းတွေနဲ့ စုန်းပြူးညတွေ မရှိဘူး..။
သံယောဇဉ် နဲ့ တိမ်းမူးမှုတွေမရှိသလို…
အားနာမှုနဲ့ ရက်စက်မှုတွေလဲ မရှိဘူး…။

ဒီနေရာမှာ..
လိမ်ညာတဲ့ အနမ်းတွေ နဲ့ ဟန်ဆောင်တဲ့ အပြုံးတွေမရှိသလို
မိကျောင်းမင်းမျက်ရည်နဲ့ အရိုးမဲ့လျာတွေလဲ ရှိမနေဘူး..။
ထာဝရအချစ်တွေနဲ့ တဒင်္ဂအမုန်းမရှိသလို
တဒင်္ဂအချစ်တွေနဲ့ ထာဝရအမုန်းတွေလဲ မရှိဘူး။

ဒီနေရာမှာ…
ငြိမ်းချမ်းမှု တိတ်ဆိတ်မှု
သေသပ်မှု တည်ငြိမ်မှု
ဆောင်ရွက်သင့်တာကို ပြီးစီးသွားမှု တွေနဲ့…
တံခါးတစ်ချပ်ကို ပိတ်လိုက်ပြီး နောက်တစ်ချပ်ကို ဖွင့်ထွက်သွားမှု တွေပဲ ရှိနေတယ်။

ဒီနေရာနဲ့ ဟိုနေရာမှာ
တစ်စုံတစ်ခု ခြားသင့်တယ်…
ဒီစည်းကိုကျော်..
မတော်တရော် အတ္တတွေကို သယ်မလာကြဖို့..
တိတ်ဆိတ်ငြိမ်သက်မှုကို မဖြိုခွင်းဖို့
အပူလှိုင်းတွေ မ၀ဲလွင့်စေဖို့..
အဆိပ်သင့်နေတဲ့ နေ့ တွေ မပျံ့လွင့်စေဖို့…

ဒီနေရာမှာ….
ဒီနေရာမှာ….
ပီပြင်တဲ့ စည်း.. တစ်ခုတော့ရှိသင့်တယ်…။




ဒီနေရာမှာ (၁)

ဆက်ဖတ်ရန်...

8 ရင်ခတ်သံများ:

Friday, June 27, 2008

ညနေခင်း









နေခင်းနေရောင်အောက်မှာ ငှက်ပြာတို့ တေးသီနေသည်။ လမ်းမပေါ်က လွင့်ထွက်လာသော ကားမီးခိုးငွေ့ကို ရှုရှိုက်ရင်း၊ မျက်နှာချင်းဆိုင်မှာ ထိုင်ပြီး ချိုဆိမ့်တစ်ခွက်ကို သောက်နေသော သူငယ်ချင်းကို ကျေးဇူးတင်စကားဆိုမိသည်။

“ရပါတယ်ဟာ နင်ကလဲ၊ အချင်းချင်းတွေပဲ၊ အေးအေးဆေးဆေးမှ ပြန်ပေး၊ ငါ့မှာလဲ ဘောဒ်အပိုရှိနေတာပဲ၊ နင်လိုချင်ရင် ကင်းဗတ်လဲ ငါလာပို့ပေးမယ်”

ရင်ဘတ်အိတ်ထဲက လက်သုတ်ပုဝါ အပြာကို ဆွဲထုတ်ပြီး အဆီပြန်နေသော မျက်နှာကို လက်သုတ်ပုဝါနှင့် သုတ်ရင်း သူက ဆိုသည်။

“ကင်းဗတ်တွေတော့ ရှိပါတယ်၊ အခုဟာက ငါက အကျီ င်္်စတွေပေါ်မှာ ဒီဇိုင်းဖော်ကြည့်ချင်တာ”

ကော်ဖီနှင့် မုန့်အချို့တင်ထားသော ခနော်ခနဲ့ စားပွဲညိုပေါ်သို့၊ ကြွေကျလာသော သက်ရွက်ကို အသာဖယ်လိုက်ရင်း ပြောလိုက်သည်။

ညနေစောင်းမို့ ဆိုင်က လူကျနေသည်။ စကားပြောသံ၊ ရယ်မောသံ၊ သီချင်းသံတွေနဲ့ အတူ ပတ်ဝန်းကျင်က အသက်ဝင်လှုပ်ရှားနေသည်။ ပုဏရိတ်ပင်တို့ခြားထားသော လက်ဖက်ရည်ဆိုင် အပြင်ဘက်က လမ်းပေါ်မှာ ရုံးမှ ပြန်လာသောလူများ၊ ညနေခင်းလမ်းလျောက်ထွက်သူများ၊ စက်ဘီးစီးနေသော ကလေးများနှင့်လဲ စည်ကားနေသည်။

“ဒီမှာလေ ငါ လက်ဆောင်ရလာတဲ့ ၀ါချောရဲ့ အ၀တ်တွေပေါ်မှာ ပန်းချီဆွဲနည်းစာအုပ်”

သူငယ်ချင်းရဲ့ မျက်လုံးတွေက ၀င်းလက်သွားသည်။

“အား ကောင်းလိုက်တာ ကြည့်ရအောင်၊ ဟား ဒီဟာလေးကြည့်စမ်း၊ ဒီဇိုင်းက တော်တော်သေသပ်တယ်”

သူငယ်ချင်းလက်ထောက်ပြသော ပုံလေးကို ခါးနဲနဲကိုင်းပြီး လှမ်းကြည့်လိုက်သည်။

ညနေခင်းလေတွေက ပိုမိုတိုက်ခတ်လာသည်။

သူငယ်ချင်းစိတ်ပါဝင်စားစွာပြနေသော ပုံတွေကို လက်ဘက်ရည်သောက်ရင်း ကြည့်နေရင်း ခပ်လှမ်းလှမ်းစားပွဲက ကျယ်ကျယ်လောင်လောင် အဆက်မပြတ်ချောင်းသီးသံကြောင့် အသံလာရာသို့ ဖျတ်ကနဲ့ မော့ကြည့်လိုက်မိသည်။

“ဟင်.. မောင်”

ပြုံးပြလိုက်ရင်း ဒီမှာလာထိုင်ပါလားလို့ လက်ယပ်ပြီး ခေါ်မလို့ အားပြုစဉ် လွယ်အိတ်ကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်၊ ပုဆိုးကိုကမန်းကတန်းဝတ်၊ ခပ်နွမ်းနွမ်းပိုက်ဆံတစ်ချပ်ကို စားပွဲပေါ်သို့ပစ်တင်လျှက် လမ်းမပေါ်သို့ မောင် ရုတ်တရက်ထွက်ခွာသွားတော့သည်။

သူငယ်ချင်းကတော့ ဘာမှ ရိပ်မိလိုက်ပုံမပေါ်။ သူ့ဝါသနာအတိုင်း စာအုပ်ကို သဲကြီးမဲကြီး လှန်လှောဖတ်ရှုနေသည်။

“နင် အဲဒီစာအုပ်ယူချင်ယူထားလေ၊ ငါ့ကိုနောက်မှပြန်ပေး၊ ငါ အိမ်ပြန်လိုက်ဦးမယ်ဟာ”

“ဟင်.. ချက်ချင်းကြီး၊ အေးအေး နင့်မောင် စောင့်နေဦးမယ်၊ သွားသွား.. အော်ဒါနဲ့ နင်လေးရင် ဘောဒ်ကို ငါအိမ်ထိ လိုက်သယ်ပေးမယ်”

“နေပါစေဟာ ရတယ်၊ ငါသွားမယ်နော်”

ဘော့ဒ်ကို သယ်ပြီး လျောကျလာတဲ့ ဟောင်းနွမ်းတာကြာလို့ ပွန်းနေပြီဖြစ်တဲ့ စလင်းဘက်ကြိုးကို ပုခုံးပေါ်သို့ တင်လိုက်ပြီး လမ်းမကျယ်အတိုင်း အိမ်ဘက်သို့ ခပ်သွက်သွက်လျောက်လာသည်။ လမ်းမတလျောက် စက်ဘီးများကို ရှောင်ရင်း လမ်းကွေ့ကုန်းမို့လေးသို့အတက်၊ လမ်းဘေးက ညောင်ပင်အောက်မှာ သုန်မှုန်ပြီး ရပ်နေသော မောင့်ကို လှမ်းတွေ့လိုက်ရသည်။

မောင့်ရှေ့မှာ မတ်တပ်ရပ်ရင်း မျက်နှာကိုမော့ကြည့်လိုက်သည်။

မောင့်ဆံပင်တွေ ညနေခင်းလေအောက်မှာ လွန့်လူးနေသည်။

“ဘာဖြစ်ပြန်ပြီလဲ”

“ဘာဖြစ်ရမှာလဲ။ မင်းကို ဒီကောင်နဲ့ မပတ်သက်ပါနဲ့လို့ပြောထားတာ”

“မောင်.. မအော်နဲ့နော်” အသံကို ကြိတ်ပြီး ခပ်တင်းတင်းပြောလိုက်မိသည်။

“မအော်ဘူး၊ လုံးဝ အော်မနေဘူး”

“အေး အခုအော်နေတာမဟုတ်လို့ဘာလဲကွ၊ လူကိုလဲ မင်းလို့မပြောနဲ့၊ မင်းထက်ကြီးတယ်”

“ပြောမယ်၊ မင်း ဒီကောင်ဆီက ဘောဒ်သွားယူတယ်မဟုတ်လား၊ မောင် မ၀ယ်ပေးနိုင်ဘူးထင်လို့လား”

“တော်ပြီမောင်.. အပိုတွေမပြောနဲ့၊ လာ အိမ်ပြန်မယ်”

တစ်လမ်းလုံး တပျစ်တောက်တောက် အခြေအတင်တွေပြောလာကြသည်။ ပတ်ဝန်းကျင်က လူတွေက ကွက်ကြည့်ကွက်ကြည့်။

“ဘောဒ်ကြီးလေးလွန်းလို့ ကူသယ်ပေးစမ်းပါ”

“မသယ်ပေးဘူး၊ ကိုယ့်ဘာသာသယ်”

တင်းမာနေသော မောင့်စကားသံအဆုံးမှာ ဒေါသစိတ်၊ မောင်ရက်စက်တယ်ဆိုတဲ့ စိတ်နှင့် မျက်ရည်တွေ ၀ိုင်းနေမိသည်။

အိမ်ရှေ့ရောက်တော့ သွပ်မိုးပြင်ထောင်အိမ်လေးက ယိုင်နဲ့နဲ့၊။ သရက်ကိုင်းတွေက သွပ်မိုးပေါ်ကို ကျနေသည်။

“မောင်.. ဒီတံတားလဲ ပြင်ဦး၊ ဟိုလူတွေနဲ့ စနေ၊တနင်္ဂနွေတွေမှာ ကျားပဲ ကစားမနေနဲ့”

အိမ်ရှေ့ရေမြောင်းကို ခွဆောက်ထားသော တံတားလေးကို သတိထားဖြတ်ရင်း ပြောလိုက်သည်။

“မင်း ကို ဒီကောင်နဲ့ မတွဲပါနဲ့လို့ပြောထားတယ်”

“မောင် ဘာစကားပြောတာလဲ၊ ဒီလို စွတ်စွတ်စွဲစွဲ အသုံးအနှုန်းတွေ တွဲတယ်တွဲတယ်နဲ့ မပြောပါနဲ့ မကြိုက်ဘူးလို့ ဘယ်နစ်ခါပြောရမလဲ၊ ပန်းချီဆွဲဖို့ ဒီဘောဒ်လေးယူတာဘာဖြစ်လဲ၊ နောက် သူက ကျမ သူငယ်ချင်း၊ မောင် ရုံးအားရက်တွေ ကျားပဲ ကစားနေတာ ကျမ ဘာပြောလဲ၊ ဟင်.. ကျမ ဘာချုပ်ချယ်လဲ၊ ကျားမကစားနဲ့ ဒီလူတွေနဲ့ မပတ်သက်နဲ့ ဘယ်နှစ်ခါပြောလဲ၊ ကျမကိုလဲ ဘယ်တော့မှ မချုပ်ချယ်ပါနဲ့၊ ဖောက်ပြန်နေတာမဟုတ်ဘူး၊ အနုပညာကို မြတ်နိုးလို့”

“ချုပ်ချယ်ပါ၊ မောင် ကျားကစားနေတုန်း ၀င်လာပြီး ပွဲဖျက်လေ”

“အို.. ကျမ အဲလို မိန်းမရိုင်းမဟုတ်ဘူး”

“လုပ်ပါ.. လုပ်ပါလား၊ မင်း ပန်းချီဆွဲတာ ဘယ်တုန်းကမှ မပိတ်ပင်ခဲ့ဘူး၊ မင်းပန်းချီတွေကိုလဲ မောင်မြတ်နိုးတန်ဖိုးထားတယ်၊ အခုဟာက မောင်မကြိုက်တာကို လုပ်နေတာ၊ စာအုပ်တစ်အုပ်ကို ခေါင်းချင်းဆိုင်ကြည့်နေလိုက်တာများ၊ မောင် ကော်ဖီတောင် သီးတယ်။ ဘာလဲ.. မင်းသူ့ကို ကြိုက်နေလား”

“အား.. ”

စိတ်တိုတိုနှင့် သူ့လက်ထဲက လွယ်အိတ်ကို ဆောင့်ဆွဲယူပြီး အ၀င်ဝလှေကားပေါ်သို့ ပစ်ချပစ်လိုက်သည်။

“ဟင်”

ဆေးပေါ့လိပ်၊ မီးချစ်၊ ဖတ်လက်စ စာအုပ်တစ်အုပ်၊ ခပ်နွမ်းနွမ်းပိုက်ဆံအိတ်သေးသေးလေးနှင့် ပိုစ်စကဒ်တစ်ခု ကစင့်ကလျား ထွက်ကျလာသည်။

ပိုစ်စကဒ်ကို ကောက်ယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည်။

လက်တွေ တဆတ်ဆတ်တုန်လာသည်၊ အောက်နှုတ်ခမ်းကို ဖိကိုက်ရင်း သူ့ကို မီးဝင်းဝင်းတောက်သော မျက်လုံးများနှင့် မော့ကြည့်လိုက်မိသည်။

“မ”

“တော်ပြီ။ မင်း ဘာမှ ငါ့ကိုလာမပြောနဲ့”

“မ… မဟုတ်ဘူး”

“ဘာလဲ လက်ဆုပ်လက်ကိုင်တွေ့နေတာတောင် ငြင်းချင်သေးတယ်”

“အာ…….. စိတ်ညစ်တယ်ဟေ့”

အိမ်ရှေ့ တံခါးကိုဖွင့်ပြီး သူ အထဲကို ၀င်သွားသည်။

“လာ.. ဒါတွေလာကောက်.. ကျမ မကောက်ဖူးနော်”

“ရှင်.. အလကားလူ၊ ကျွန်မကိုလဲ ယူထားသေးတယ်၊ ရည်းစားဟောင်း နဲ့ ပြန်ဆက်သွယ်နေတယ်”

“မဆိုင်ပါဘူးဗျာ၊ သူ့ဟာသူ ပို့တာပါ၊ ကျွန်တော် ဘာမှ မသိဘူး၊ ပြဿနာက မျှားဦးဒီဘက်လှည့်လာပြီ။ သိပ်လည်တယ်ဟေ့”

ကျဲပြန့်နေသော ပစ္စည်းများကို လိုက်ကောက်ရင်း စိတ်ပျက်စွာ သူငြီးညူနေသည်။

“ဘာမှ မလည်ဘူး။ ရှင့်လက်ထဲ ဒီပို့စကတ်က ဘာလို့ရောက်နေတာလဲ”

“မသိဘူးဗျာ.. သူငယ်ချင်းကတဆင့်ရောက်လာတာ”

“ရှင်.ဟာ ကျွန်မကိုကျတော့ ချုပ်ချယ်တယ်၊ ရှင်ကျတော့ ဖြစ်ချင်တိုင်းဖြစ်နေတယ်”

“ရှင်ဟာ…………….. ”

“ရှင်ဟာ………………”

ထိုင်ခုံမှာ ထိုင်ချရင်း တပျစ်တောက်တောက်ပြောနေမိသည်။

သူ ကြမ်းပြင်ပေါ်မှာ လာထိုင်ပြီး ပေါင်ပေါ်ကို ခေါင်းတင်လျက် ငြိမ်သက်နေသည်။

“ကျေနပ်တဲ့ အထိပြောပါနော်”

“ကြိုက်တာပြောပါနော်”

♥♥♥♥♥

နေ၀င်သွားပြီ။
မိုးချုပ်လာပြီမို့ ပုရစ်အော်သံတို့ကြားနေရသည်။ သရက်ကိုင်းလေတိုးသံနှင့်အတူ၊ ခနော်ခနဲ့ ပျဉ်ထောင်အိမ်လေး၏ အိမ်အတွင်းခန်းမှ မှိန်ပြပြ ဖယောင်းတိုင်မီးရောင်၊ တပျစ်တောက်တောက် ပြောနေသော မိန်းမတစ်ဦး၏ ခပ်တိုးတိုးစကားသံနှင့် တစ်ချက်တစ်ချက်ဟောက်သံတစ်သံက ရေနီမြောင်းကိုဖြတ်လျှက် ချိုင့်ခွက်ပေါများသော လမ်းမပေါ်သို့ ဖိတ်စင်ကျနေပါတော့သည်။

ဆက်ဖတ်ရန်...

6 ရင်ခတ်သံများ:

Friday, June 20, 2008

တိမ်တိုက်ပြာ

ပိန်းပိတ်အောင်မှောင်တဲ့ အနက်ရောင်ကောင်းကင်ကြီးကို
အသည်းတအေးအေး ရင်တဖိုဖိုနဲ့ ကိုယ်… ငုံ့ကြည့်လိုက်တယ်…..။

ကောင်းကင်မှောင်ကြီးထဲမှာ
မရဲတရဲလင်းတဲ့ကြယ်အိမ်တွေကို
နဂါးငွေ့မျှင်တန်းတွေကရုံ
သိမ်သိမ်မွေ့မွေ့လေး ခြုံလို့ထားကြတယ်…။

ပန်းနုလရောင် ပင့်ထိုးတော့
ဗေဒါအိုးက တလူးတလွန့်နဲ့
ရှက်ပြုံးလေးပြုံးကာ ကိုယ့်ခြေရင်းမှာ နားခိုတယ်…။

ညလေရိုင်းအောက်မှာ ဆံနွယ်တွေ အထွေးလိုက်
တိမ်တိုက်တစ်ခုထဲ ပြုတ်ကျသွားခဲ့တယ်…။

သိုင်းဖက်ထားတဲ့ ကျောက်သားတွေ၊ ပင်လယ်ပြာနဲ့
အုန်းပင်တန်း
ရဲ့ ရင်ခွင်ထဲက လူးလဲထလို့ …
ဆံနွယ်ခွေနောက်
တကောက်ကောက်လိုက်ဖို့ ပြင်မိတယ်…။

ဗေဒါနွယ်တွေက ခြေကိုရစ်ပတ်
မသွားဖို့တားမြစ်တယ်…
ပင်လယ်ကတော့
ချုန်းပွဲချငို မျက်ရည်စိုပြတယ်…
ကျောက်ခဲတွေက တင်းတင်းဖက်ထား
ရင်ခွဲမလို့လားလို့မေးတယ်…။

မျက်စိစုံမှိတ် ရွှေရင်ထိတ်ပါလို့
ဆံနွယ်ခွေနောက် ကောက်ကောက်ရယ်ပါ
တိမ်တိုက်ပြာထဲ ခုန်ချလိုက်တယ်…။

ဆံနွယ်ခွေရင်မှာပိုက်လို့
ဟိုးအောက်ကောင်းကင်မှ ပင်လယ်ကိုမော့ကြည့်…
လက်ညှိုးလေးနဲ့ ထိကြည့်လိုက်တယ်…

ပင်လယ်က ရှက်ပြုံးလေးပြုံးတယ်…
ဗေဒါက ရေထဲပုန်းတယ်…
ဒီလိုနဲ့…
ဒီလိုနဲ့…
တိမ်တိုက်ပြာထဲ..
ကိုယ်…
စုန်းစုန်းမြှုပ်သွားပါတော့တယ်…

ဆက်ဖတ်ရန်...

5 ရင်ခတ်သံများ:

Sunday, June 15, 2008

မိုးသည်းထဲမှာ….

ငိုနေမယ်..
မိုးသည်းထဲမှာကွယ်…


ဆက်ဖတ်ရန်...

3 ရင်ခတ်သံများ:

Saturday, June 14, 2008

မျက်ဝန်းညိုမ

မတ်လထုတ် ချိုးလင်းပြာ အမျိုးသမီးစာစောင်မှ ကျွန်မရဲ့ ၀တ္ထုတိုလေးကို ပြန်လည်ဖော်ပြထားတာပါရှင်..။




ညက ပိုမိုတိတ်ဆိတ်လာသည်။ ဆိုင်တွင်းမှာလဲ လူရှင်းစ ပြုလာသည်။ ငွေသိမ်းကောင်တာမှ အရောင်းစာရေးမလေးများက အိမ်ပြန်ရင် ပြင်စပြုနေပြီ။ သူမရှိနေသည့် ဆိုင်၏နောက်ဆုံးတန်းမှာတော့ လူရှင်းနေသည်။ သူမ ပတ်ဝန်းကျင်ကို မျက်လုံး ဝေ့ကြည့်လိုက်သည်။ ခပ်လှမ်းလှမ်းက ဆံပင်ဆာမူရိုင်းနှင့် ကျောပိုးအိတ်လွယ်ထားသော ကောင်မလေးကို သူမ မျက်စောင်းထိုးကြည့်နေမိသည်။

“ကြည့်တော့သာ လူကောင်က သေးသေးလေး ဟွန်း ငါ့ကို ပုခုံးချင်းယှဉ်ချင်သေးတယ်”
စိတ်ထဲမှ မကျေမနပ်နှင့် ကြိတ်ပြီး ရည်ရွတ်လိုက်မိသည်။
ကောင်မလေးကတော့ မျက်လုံးညိုကြီးများရွဲလျှက် လက်မှ နာရီကို ငုံ့ကြည့်နေသည်။
သူမရောက်ပြီး သိပ်မကြာခင်မှာ မျက်ဝန်းညိုမလဲ ဒီဆိုင်ကိုရောက်ရှိလာသည်။
မျက်ဝန်းညိုမ ရောက်လာပြီး သိပ်မကြာခင်မှာပဲ ဆိုင်ထဲမှာ ထင်တိုင်းကြဲနေသော သူမ၏ သြဇာက ကျလာသည်။ သူမသည် ရုပ်ရည်ချောမောလှပသည်၊ ချမ်းသာသည်၊ ၀ါကြီးသည်၊ ငွေရှိသည်၊ အဆက်အသွယ်ကောင်းသည်။ မွေးစားမိဘတွေကလဲ လူဂုဏ်ထံ အသိုင်းအ၀ိုင်းမှ ဆင်းသက်လာသည့်အတွက် သူမထံမှာ အလှမွေး တိရစ္ဆာန်တွေဆိုတာ အမျိုးလေးဆယ်ခန့်ရှိသည်။ ခွေး၊ကြောင်၊မြင်း မပြောနှင့် သူမထံမှာ အလှမွေး ခြင်္သေ့တစ်ကောင်တောင် ရှိလိုက်သေးသည်။ သူမထံမှာ ကားတွေကလဲ အမျိုးမျိုး၊ ဂျစ်ကားတစ်မျိုး အမိုးပွင့်ကားတစ်ဖုံ မရိုးနိုင်အောင် ပိုင်ဆိုင်မှုတွေ၊ ပိုင်ဆိုင်မှုတွေ။ ဒီဆိုင်ကလဲ သူမမွေးစားမိဘတွေ ပိုင်သည့်ဆိုင်။ အရင်ကဆို သူမထင်တိုင်းကြဲနေကျ။ အခုတော့…။
ဟင်း.. ။ သူမသက်ပြင်းချမိသည်။

မျက်နှာချင်းဆိုင်က ကိုယ်လုံးပေါ်မှန်ထဲမှာ သူမကိုယ်သူမ ပြန်မြင်နေရသည်။ မို့မောက်တဲ့ ရင်အုံ၊ သေးသွယ်သောခါး၊ ပြေလျောကျသွားတဲ့ တင်ပါးနှင့် လှချင်တိုင်းလှနေသောသူမ။ ရှည်လျားကော့ပြန်နေတဲ့ မျက်တောင်ရှည်များနှင့် ၀န်းရံထားသည့် မျက်လုံးများကလဲ လှပနက်ရှိုင်းလွန်းနေသည်။ ရွှေအိုရောင်ဆံပင်ပျော့ပျော့လေးတွေ ၀ဲပျံနေတာက တမျိုးချစ်စရာ။ နှုတ်ခမ်းတွေကလဲ မွေးရာပါ စိုရဲဖူးမွတ်နေသည်။ မိန်းကလေး အချင်းချင်းတောင် သူမကိုမြင်လျှင် အိမ်ခေါ်ချင်စရာဟု သူငယ်ချင်းများက ပုခုံးချင်းတိုက် စဖူးသေးသည်။

သူမရဲ့ အရပ်က ငါးပေနဲ့ ကိုးလက်မ၊ ပေါင်ချိန် ၁၁၀ ဆိုတော့ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးပေါ့။ ရင် ၃၆၊ ခါး ၁၈၊ တင် ၃၃။ သူမကို ဆရာဝန်ကတော့ သိပ်ပိန်လွန်းနေသည်ဟု ပြောပေမယ့် မကြားချင်ဟန်ဆောင်နေလိုက်သည်။ မိန်းမတစ်ယောက်မှာ ရှိသင့်တဲ့ အဆီပြင်ထက် ၁ရ ရာခိုင်နှုန်းလျော့နေတယ်ဟု သူမ ဆရာဝန်က လျာရှည်တော်မူလိုက်သေးသည်။ သူမ ဆံပင်ကို ခါပြီး ခေါင်းမော့ထားလိုက်သည်။ ဒီပုံတိုင်းဆိုရင်တော့ ဒီဆရာဝန် အိမ်ကို မလာစေရတော့ဘူးဟု စိတ်ထဲက တေးမှတ်ထားလိုက်သည်။

သူမနဲ့ နီးစပ်နေတဲ့ ပတ်ဝန်းကျင်က မိန်းမတော်တော်များများကလဲ သူမလိုအသားအရည်၊ ကိုယ်လုံးကိုယ်ထည်၊ မျက်နှာအနေအထား၊ ဆံပင်ပုံဆံ တုချင်လွန်းလို့ ကိုယ်လုံးလှအောင်လုပ်၊ အသားအရည်ကိုပြုပြင်၊ အို အမျိုးမျိုးပါပဲ။ နောက်ဆုံး သူမလို ခါးသေးရင်ချီ ကိုယ်လုံးမျိုး လိုချင်လွန်းလို့ ခွဲစိတ်ကုသခံကြသည်တဲ့။ သူမကိုင်တွယ်သည့် အသုံးအဆောင်ပစ္စည်းများဖြစ်သည့် နောက်ဆုံပေါ် လက်ကိုင်အိတ်၊ ဖိနပ်၊ အ၀တ်အစား စသဖြင့်ကိုလဲ လိုက်တုပြီး ၀တ်ကြသည်တဲ့။ ဒီသတင်းတွေ ကြားရတော့ ဆံပင်လေးတွေ လှုပ်ခါအောင် သူမ ရယ်မောလိုက်မိသေးသည်။

“ကြိုးစားလိုက်ကြဦး အမိတို့။ တို့ကိုတော့ ဘယ်သူမှ မမှီစေရဘူး”
စိတ်ထဲမှ ကြုံးဝါးပစ်လိုက်သည်။

အခုတော့လဲကြည့်ကြစမ်းပါဦး။ ဘာမဟုတ်တဲ့ ငချွတ်မလေး ဆိုင်ထဲရောက်လာသည်။ သူမ မိဘတွေကလဲ ဘာစိတ်ကူးနှင့် ဒီကောင်မလေးကို ဆိုင်ထဲ ဆွဲသွင်းခဲ့ပါလိမ့်။ ကောင်မလေးက သနားကမားလေးပါ။ သို့ပေမယ့် ကိုယ့်နေရာကိုယ်သိပုံ မပေါ်။ ဆံပင်ကလဲ အိုးမုတ်ခွက်လိုလိုဘာလိုလို၊ ရှုချင်စရာလုံးဝမရှိ။ ဥစ္စာပစ္စည်းလဲ မယ်မယ်ရရ ရှိပုံမပေါ်။ တစ်ခါကတော့ ဘာစိတ်ကူး ပေါက်သည်မသိ ဆိုင်ထဲကို သူ့ရဲ့ အလှမွေးမျောက်ညိုတစ်ကောင် ခေါ်လာပြီး ကစားနေသေးသည်။ မျှော်လင့်မထားပဲ ထောင့်တစ်ထောင့်မှာ ထိုင်နေတဲ့ ရုပ်ဆိုးဆိုးမျောက်ကို တွေ့လိုက်ရတော့ လန့်ပြီး တက်ခမန်းချက်ခမန်း သူမ အော်လိုက်မိသည်။ ပတ်ဝန်းကျင်အားလုံးက သူမကို ၀ိုင်းပြီးပြုစုပေးကြသည်။

“သွားသွား.. ဒီမျောက်ကို မမြင်ချင်ဘူး။ ဆိုင်ထဲကထုတ်ပစ်လိုက်ကြစမ်း”

သူမ ပလုံးပထွေး ပြောမိသည်။ သူမပြောတာကို မကြားကြလို့လားမသိ။ မျောက်ညိုကို နောက်နေ့တွေမှာ ဆက်တွေ့နေရသည်။ ဘာမှတော့ ဒုက္ခမပေး။ သူ့ဟာသူ ထိုင်နေသည်။ သူမလဲ ရိုးသွား၍ ဘာမှ ဆက်မပြောဖြစ်တော့။

နောက်ပိုင်းကြာလာတော့ လူတော်တော်များများက မျက်ဝန်းညိုမကို ပြဿနာများကို ဖြေရှင်းနိုင်တဲ့သူ၊ ပေါ့ပါးသွက်လက်သူ၊ ဖြတ်ထိုးဥာဏ်ရှိသူဟု သတ်မှတ်လာကြသည်။ မျက်ဝန်းညိုမကလဲ တော်ပါတယ်ဆိုမှ မန်းတပ်တိုင် တက်ပြနေသေးတော့သည်။ သူများတွေ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို စနစ်တကျနဲ့ တစ်ခုခြင်းဆီ တဆင့်ခြင်းစီ ဖြေရှင်းပြသည်။ နောက်ပြီး သူ မဖြေရှင်းနိုင်တဲ့ ပြဿနာများကိုလဲ မဖြေရှင်းနိုင်ကြောင်း ပွင့်လင်းစွာပြောပြီး အကူအညီပေးနိုင်သည့်သူများထံမှ အမြဲ အကြံဥာဏ်တောင်းခံတတ်သေးသည်။ သူမခေါင်းထဲမှာ ဘာတဲ့ သူတို့တွေပြောပြောနေတဲ့ အယ်နာလီတစ်ကယ်လ် လားဘာလား ဒါပဲတွေးနေလားမသိ။ သူမကတော့ သူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်မည်၊ နောက်ဆုံးပေါ် အသုံးအဆောင်တွေ ကိုယ်ပေါ်တင်မည်၊ ဖိနပ်လှလှလေးတွေ ၀တ်မည်။ အမိုးပွင့်ကားပေါ် သူငယ်ချင်းတွေကိုတင်ပြီး လျောက်လည်မည်။ ခါးကို မသေးသေးအောင်၊ ကိုယ်လုံးလှအောင် လေ့ကျင့်ခန်း သင်တန်းတွေ တက်မည်။

သူမ ဘယ်လောက်ကြာကြာတွေးနေမိလဲမသိ။ သူမအနားကို မိသားစုတစ်စု ရောက်လာတော့ မှ အတွေးတွေ ရပ်တန့်သွားသည်။ ကြည့်ရတာ အဖေရယ်၊ အမေရယ်၊ သမီးလေးရယ် ဆိုင်မပိတ်ခင် အချိန်မှီ သမီးမိန်းကလေးလိုချင်သော အရုပ်တစ်ခုခုကို လာဝယ်ပေးပုံရသည်။

“ဖေဖေ သမီး ဒီအရုပ်လေး လိုချင်တယ်”
ကလေးမလေးက အသံစာစာလေးနဲ့ ပြောလိုက်သည်။
“ဘာဘီဒေါလ် လားသမီး၊ မယူရဘူး” အဖေဖြစ်သူက လှမ်းပြောလိုက်သည်။
“ဟွန်း ရဘူး.. လိုချင်တယ်။ ဘာလို့မရတာလဲ”
“တစ်ခြားကောင်းတာ ရှာပေးမယ်နော်” အမေ ဖြစ်သူကလဲ အဖေနဲ့ တလေသံတည်း။
“ကလေးကို တခြား အရုပ်ဝယ်ပေး ခင်လေးရေ့.. ဘာဘီတော့ မ၀ယ်ပေးနဲ့”
“အင်း.. မောင် ၀ယ်ပေးပါဆိုရင်တောင် ၀ယ်မပေးပါဘူး။ တော်ကြာ သမီးလေး သူ့လိုတင်တွေရင်တွေရှိမှ၊ ရွဲနေတဲ့ မျက်လုံးရှိမှ၊ ရွှေရောင်ဆံပင်ရှိမှ မိန်းမစစ်တယ်လို့ ထင်နေပြီး လိုက်လုပ်နေဦးမယ်”
“ပြောသာပြောတာ။ ကမ္ဘာပေါ်မှာရှိတဲ့ တိုင်းပြည်ပေါင်း ၁၅၀ကျော်မှာ တစက္ကန့်မှာ ဘာဘီ သုံးရုပ်ရောင်းရတယ်ကြားတယ်နော်”
“အင်း.. ကလေး